ဆီးချိုနဲ့ ခြေထောက်အနာ
ဆီးချိုရောဂါသမားတွေမှာ ခြေထောက်အနာတွေ ခဏခဏဖြစ်တာ၊ အနာမကျက်တာတွေက အမြဲတွေ့ရလေ့ရှိတဲ့ ပြဿနာ တစ်ခုပါ။ တချို့ဆိုရင် ခြေထောက်ကို ဖြတ်ထုတ်လိုက်ရတဲ့အထိ ဆိုးဝါးပါတယ်။
လူတိုင်းဖြစ်နိုင်တဲ့ ခြေထောက်အနာဟာ ဆီးချိုရောဂါသမားတွေမှာမှ ဘာကြောင့် ပိုဆိုးတာလဲ? မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။
ဆီးချိုရောဂါရှိပြီး သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တဲ့သူတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာလေ့ရှိပါတယ်။ မျက်စိ၊ နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောတွေ အဓိက ထိခိုက်ပျက်စီးတာပါ။
ခြေထောက်အနာတွေ ဖြစ်ရတဲ့ အကြောင်းကတော့ အာရုံကြောတွေ ထိခိုက်လို့ပါပဲ။ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်သွားတဲ့အခါ ပူတာ၊ အေးတာ၊ နာတာ စတဲ့ခံစားမှုတွေကို မသိတော့ပါဘူး။ ခြေထောက်က ထုံနေ၊ ကျဥ်နေတဲ့ ခံစားမှုပဲ ရှိတော့မျိုးလည်း ဖြစ်တတ်ပါတယ်။ ခံစားသိမှုမရှိတော့တဲ့အတွက် ထိခိုက်မိလို့၊ ချော်လဲလို့ ရလာတဲ့ ဒဏ်ရာမျိုးတွေ ရှိနေတာ သတိမထားမိဘဲ အနာကပိုပြီးဆိုးလာ၊ ရောဂါပိုးဝင်မှ သိရတာမျိုးပါ။
သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တဲ့အခါ သွေးလှည့်ပတ်မှုလည်း မကောင်းတော့ပါဘူး။ သွေးလှည့်ပတ်မှု မကောင်းတဲ့အတွက် အနာကျက်တာလည်း ပုံမှန်ထက် နှေးပါတယ်။ သွေးမလျှောက်ဘဲ အနာကျက်တာနှေးတဲ့အတွက် အနာအကြီးကြီးတွေ၊ gangrene လို့ခေါ်တဲ့ တစ်ရှူးနဲ့ အသားတွေ ပုပ်လာတာတွေလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်ရမလဲ?
- ဆရာဝန်နဲ့ မှန်မှန်ပြသပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတွင်း ထိန်းထားနိုင်ဖို့ လိုပါတယ်။ အင်ဆူလင်ထိုးတာ၊ သောက်ဆေးသောက်တာ၊ ဆီးချိုတက်စေမယ့် အချိုတွေ လျှော့စားတာ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေ များများစားတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ အဝလွန်နေရင် ဝိတ်ချတာတွေ လုပ်ရပါမယ်။
- ခြေထောက်ကို ဆပ်ပြာပျော့ပျော့သုံးပြီး ရေနွေးနွေးနဲ့ နေ့စဥ်သန့်ရှင်းလုပ်ပါ။ ခြေထောက်က ခံစားမှုမဲ့နေတတ်လို့ ရေနွေးပူမလောင်စေရန် ရေရဲ့အပူချိန်ကို သတိထားရပါမယ်။ သန့်ရှင်းရေးလုပ်ပြီးရင် ခြေထောက်ကို စိုစွတ်မနေစေဘဲ ခြောက်သွေ့အောင် ဂရုစိုက်သုတ်ပါ။
- ခြေထောက်က နီနေလား၊ အနာတွေ၊ အရည်ကြည်ဖုတွေ၊ အသားမာတွေ ရှိနေလား နေ့စဥ် စစ်ဆေးပါ။
- ခြေထောက်က ခြောက်သွေ့နေရင် ခြေထောက်အတွက်အသုံးပြုရတဲ့ လိုးရှင်းမျိုးလိမ်းပါ။
- အသားမာတွေရှိနေရင် ရေချိုးချိန်မှာ ဂျီးတွန်းကျောက်တုံးနဲ့ ညင်သာစွာ ပွတ်တိုက်တာမျိုး လုပ်ပါ။
- ခြေသည်းတွေကို တစ်ပတ်တစ်ခါ စစ်ဆေးပါ။ ခြေစွယ်ငုပ်နေသလား၊ ခြေသည်းမှာ မှိုစွဲနေတာမျိုးရှိလား သတိထားကြည့်ပါ။
- ဖြစ်နိုင်ရင် ခြေချောင်းတွေကို ကာကွယ်ပေးတဲ့ ထိပ်ပိတ်ဖိနပ်မျိုး ဝတ်ဆင်ပါ။ ဖိနပ်မပါလဲ ခြေဗလာနဲ့ မနေပါနဲ့။
- ခြေအိတ်နဲ့ stocking ခြေအိတ်ရှည်တွေ ဝတ်ဆင်ပါ။
- ခြေထောက်ကို အပူ၊ အအေးတွေနဲ့ ထိတွေ့ခြင်း မရှိအောင်ဂရုစိုက်ပါ။
- ခြေထောက်ကို သွေးလှည့်ပတ်မှုကောင်းအောင် လေ့ကျင့်ခန်းလုပ်ပါ။ ခြေထောက်ကို အကြာကြီး ဖိထိုင်တာမျိုး မလုပ်ပါနဲ့။
- ဆေးလိပ်က သွေးလှည့်ပတ်မှု မကောင်းစေလို့ ဆေးလိပ်ဖြတ်ပါ။
- အကယ်၍ ထိခိုက်တာ၊ အနာတစ်ခုခုရှိနေတာ ဆိုရင် ဆရာဝန်နဲ့ ပြသပြီး အမြန်ဆုံး ကုသမှုခံယူပါ။
ဘယ်လိုလက္ခဏာတွေရှိရင် သတိထားရမလဲ?
- အရေပြားက အရောင်ပြောင်းလာတာ
- အရေပြားရဲ့ အပူချိန်ပြောင်းလာတာ
- ခြေချင်းဝတ်က ယောင်နေတာ
- ခြေထောက်ကနာနေတာ
- ခြေထောက်မှာ အနာမကျက်တဲ့ အနာတွေရှိနေတာ
- ခြေသည်းမှိုစွဲနေတာ
- ခြေဖနောင့်ခြောက်သွေ့အက်ကွဲနေတာ
- အသားမာတွေရှိနေတာ
- ခြေထောက်က အနံ့ဆိုးတွေ ထွက်နေတာတွေ ရှိရင် မပေါ့ဆသင့်ပါဘူး။
နောက်ဆက်တွဲ ပြဿနာတွေက ဘာလဲ?
ဂရုတစိုက်မကုသရင် နောက်ဆက်တွဲအနေနဲ့
- အရေပြားကနေ အရိုးတွေထိ ရောဂါပိုးဝင်တာ
- ခြေထောက်ပုပ်သွားတာ
- ပြည်တည်နာဖြစ်တာ
- ခြေထောက်က ပုံပျက်ပန်းပျက် ဖြစ်သွားတာ
- ခြေထောက်ဖြတ်ပစ်ရတာတွေအထိ ဖြစ်နိုင်ပါတယ်။
ဆီးချိုနဲ့ ခြေထောက်အနာဟာ အမြဲယှဥ်တွဲနေပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း ကြောက်စရာကောင်းတာမို့ ဆီးချိုရှိနေရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့ အရေးကြီးသလို ခြေထောက်တွေကို ဂရုစိုက်ဖို့လည်း မမေ့ကြပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်